Tuesday, September 1, 2009

ပုံနှိပ်မဂ္ဂဇင်းစာမျက်နှာတွင် ဗီဒီယိုကြည့်ရှုနိုင်မည့်နည်းပညာသစ်


internet journal
ကမ္ဘာကျော်ဟယ်ရီပေါ်တာဇာတ်လမ်းထဲကကို လှုပ်ရှားပုံရိပ်တွေပါဝင်တဲ့သတင်းစာတွေ အမှန်တကယ်ဖြစ်ပေါ်လာနိုင်ရေး ပထမဆုံးခြေလှမ်းကို အမေရိကန်မှာစတင်လိုက်ပါပြီ။ စာရွက်ပေါ်မှာ ကြော်ငြာဗီဒီယိုထည့်သွင်းထားတဲ့ ကမ္ဘာ့ပထမဆုံးမဂ္ဂဇင်းကို လာမယ့်စက်တင်ဘာလအတွင်း အမေရိကန်မှာဖတ်ရှုနိုင်တော့မယ်လို့ဆိုပါတယ်။ အမေရိကန်နိုင်ငံထုတ် Entertainment Weekly (EW) မဂ္ဂဇင်းမှာ အလွန်ပါးလွှာတဲ့ screen, minispeaker တို့နဲ့အတူ video-chip ထည့်သွင်းထားမှာဖြစ်ပြီး စာဖတ်သူအနေနဲ့ မဂ္ဂဇင်းစာရွက်ပေါ်မှာပင် ကြော်ငြာတွေကို ဗီဒီယိုအဖြစ်ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ စာရွက်ပေါ်မှာ ဗီဒီယိုကြည့်ရှုနိုင်မယ့် screen လေးတွေဟာ ပုံနှိပ်ခြင်း၊ မဂ္ဂဇင်းစာအုပ်ချုပ်ခြင်းနဲ့ သယ်ယူပို့ဆောင်ရာမှာလည်း အကြမ်းခံနိုင်တယ်လို့ EW မဂ္ဂဇင်းမှာ ကြော်ငြာဗီဒီယိုလုပ်ငန်းတွေ တာဝန်ယူဆောင်ရွက်သွားမယ့် အမေရိကန်ရုပ်သံကုမ္ပဏီ CBS ကပြောကြားပါတယ်။
မဂ္ဂဇင်းစာရွက်တွေပေါ်မှာ ဗီဒီယိုကြည့်ရှုနိုင်တဲ့ video-chip နဲ့ screen ထည့်သွင်းတဲ့နည်းပညာသစ်ကို လော့စ်အိန်ဂျလိစ်အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Americhip ကတီထွင်ဖန်တီးခဲ့တာပါ။ ဗီဒီယိုကြည့်ရှုနိုင်တဲ့ screen ဟာ ၂.၇ မီလီမီတာမျှသာအထူရှိပြီး 320x 240 resolution ဖြစ်ပါတယ်။ အရွယ်အစားကမိုဘိုင်းဖုန်း screen အရွယ်အစားခန့်ဖြစ်ပါတယ်။ TFT LCD (thin film transistor liquid crystal display) နည်းပညာသုံး screen ဖြစ်ပြီး Built-in button တွေပါဝင်တာကြောင့် စာဖတ်သူအနေနဲ့ နှစ်သက်ရာကြော်ငြာဗီဒီယိုကိုလည်း ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။ Built-in battery ပါဝင်ပြီး ဗီဒီယိုတွေကိုမိနစ် 70 ကြာတဲ့အထိကြည့်ရှုနိုင်မှာပါ။ Battery ကိုအားပြန်သွင်းနိုင်ပြီး အားသွင်းဖို့အတွက်လည်း USB ကြိုးပါဝင်တယ်လို့ဆိုပါတယ်။ မဂ္ဂဇင်းမှာပထမဆုံးထည့်သွင်းသွားမယ့် ကြော်ငြာဗီဒီယိုတွေကတော့ The Big Bang Theory နဲ့ Two And A Half Men တို့လို အမေရိကန်ရုပ်သံကုမ္ပဏီတွေမှာ ဖြစ်ပါလိမ့်မယ်။ ရုပ်သံကုမ္ပဏီတွေရဲ့အစီအစဉ်သစ်တွေကို မဂ္ဂဇင်းစာအုပ်ထဲက screen မှာ နမူနာ Video Clips တွေအဖြစ် ပြသကြော်ငြာသွားမှာပါ။ ထို့အတူ Pepsi အချိုရည်ကြော်ငြာဗီဒီယိုကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
“ ဒီနည်းပညာဟာ ရုပ်သံဌာနတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ အစီအစဉ်သစ်တွေ၊ ကုန်ပစ္စည်းတွေကို TV ဖန်သားပြင်မသုံးပဲ ဗီဒီယိုအဖြစ်ကြော်ငြာနိုင်တဲ့ ပထမဆုံးနည်းလမ်းတစ်ခုဖြစ်တယ်” လို့ CBS ကြော်ငြာလုပ်ငန်းရဲ့ ဥက္ကဋ္ဌဖြစ်သူကပြောကြားပါတယ်။ ယခုပုံစံကြော်ငြာ်တွေကို စာဖတ်သူတွေကလည်း ပိုမိုသတိထားမိမှာဖြစ်တဲ့အတွက် ကြော်ငြာခပေးရကျိုးနပ်စေမှာဖြစ်တယ်လို့ဆိုပါတယ်။ Americhip ရဲ့နည်းပညာသစ်ဟာ ဟယ်ရီပေါ်တာဇာတ် လမ်းထဲက ''Daily Prophet'' မှော်သတင်းစာကဲ့သို့ပင်ဖြစ်ကြောင်း ခိုင်းနှိုင်းပြောဆိုနေပါတယ်။ လက်ရှိအချိန်မှာတော့ screen အတွက် ကုန်ကျစရိတ်၊ ကြော်ငြာခနှုန်းထားနဲ့ မဂ္ဂဇင်းတန်ဖိုးတွေကို မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် နည်းပညာသစ်ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ ထုတ်လုပ်မှုစရိတ်လည်းလျှော့ကျလာမယ်လို့သိရပါတယ်။
လာမယ့် စက်တင်ဘာ ၁၈ ရက်နေ့ထုတ် EW မဂ္ဂဇင်းတွေထဲကမဂ္ဂဇင်းအချို့မှာ ကြော်ငြာဗီဒီယိုကြည့်ရှုနိုင်တဲ့ screen စတင်ပါဝင်လာမှာဖြစ်ပါတယ်။ စာရွက်ပေါ်မှာကြော်ငြာဗီဒီယိုတွေကြည့်ရှုနိုင်အောင် တီထွင်ဆန်းသစ်လိုက်တဲ့ Americhip ရဲ့နည်းပညာသစ်ကြောင့် သတင်းတွေကို အချိန်နဲ့တပြေးညီ update လုပ်ဖော်ပြပေးနိုင်မယ့် Digital Newwpapers တွေ အနာဂတ်ကာလမှာပေါ်ပေါက်လာရေး အလားအလာကောင်းနေတယ်လို့ သုံးသပ်နေကြပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More